နေမင်းထွန်းမှသတင်းဖြင့်ကျေးဇူးဆပ်ပါသည်

Sunday, October 17, 2010

မန္တလေး ဆည်ရေလွှမ်း လူ ၂,၅၀၀ ခန့် အိုးအိမ်စွန့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မန္တလေးမြို့မြောက်ဖက် ဆည်တော်ကြီးနှင့် ဆည်တော်လေးဆည်များမှ ရေဖောက်ချခဲ့သဖြင့် မြို့သစ် ၃ ရပ်ကွက်ထက်မနည်း ရေလွှမ်းခဲ့ပြီး လူပေါင်း ၂၅၀၀ ခန့် အိုးအိမ်စွန့်ပြေးခဲ့ရသည်။

ယခုတပတ် တနင်္လာနေ့မှစ၍ ဖောက်ချသည့် ဆည်ရေကြောင့် မြို့အရှေ့ဘက်နှင့် အရှေ့တောင်ဘက် ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ၊ အောင်ပင်လယ်၊ သမန်းကုန်း စသည့် ရပ်ကွက်များ ရေလွှမ်းကာ ဒေသခံများ ထွက်ပြေးရသည်။

Mandalay-Water

ထမင်းထုပ်များကို ရေပေါ်တွင် ယခုကဲ့သို့ လှုဒါန်းနေရပုံ (photo : www.everyoneit.com)

“ လူတွေက အင်းခရု ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ ခိုနေရတယ်။ အခု ရေနည်းနည်း ပြန်ကျသွားပေမယ့် မပြန်နိုင်ကြသေးဘူး” ဟု ရေဘေးသွားကူခဲ့သူ မန္တလေးမြို့ခံ တဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးတွင် အရင်တပတ်မှစ၍ မိုးသည်းခဲ့သဖြင့် အာဏာပိုင်များက ဆည်ကျိုးမည် စိုးသည့်အတွက် ရေလွှတ်ပေးလိုက်ရာ ရပ်ကွက်များအတွင်း ၄ ပေမှ ၁၀ ပေအထိ ရေမြုပ်ခဲ့သည်။

လူ ၁၀ ယောက်ထက်မနည်း ရေထဲမျောပါ သေဆုံးခဲ့သည်ဟုလည်း အစားအသောက်နှင့် ဆေးဝါးများ သွားရောက်ကူညီနေသူ သံဃာတော်တပါးက မိန့်ဆိုသည်။

“လောလောဆယ် အလောင်း ၁၀ လောင်း တွေ့ထားပြီးပြီ။ အောင်ပင်လယ်ဘက်မှာပေါ့” ဟု ယင်းသံဃာတော်က မဇ္ဈိမကို မိန့်သည်။ သို့သော် လူသေဆုံးမှုနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုမနိုင်သေးပါ။

ဆည်တော်လေးဆည် ရေလွှတ်မှုကြောင့် နားဋောင်းကျချောင်း ရုတ်တရက် ရေလျှံရာ ပုသိမ်ကြီးမြို့နယ်တွင် လူအသေအပျောက်ရှိသည်ဟုလည်း ဆိုကြသည်။

ဒုက္ခသည်များကို ဝင်းဝင်း ဖယောင်းတိုင်၊ လပ်ကီးသောက်ရေသန့် စသည့် လုပ်ငန်းရှင်များ၊ ဗြဟ္မစိုရ်၊ မေတ္တာရှင် (ရွှေပြည်သာ) ကဲ့သို့ လူမှုရေး အသင်းများ၊ တသီးပုဂ္ဂလ အလှူရှင်များနှင့် စစ်ကိုင်း မြစကြာ ဆရာတော် ဦးဆောင်သည့် သံဃာတော်များက အစားအစာနှင့် သောက်ရေသန့်များ လှူဒါန်းနေသည်။

အာဏာပိုင်များကလည်း အလှည့်ကျ ခွဲတမ်းဖြင့် မြို့ပေါ်ရပ်ကွက်များမှ ထမင်းထုပ်များ ဝေနေပြီး ကယ်ဆယ်ရေးအလှူခံမဏ္ဍပ်များလည်း ဖွင့်ထားကြောင်း မြို့ခံတဦးက ပြောသည်။

ဒုက္ခသည်များကို လှူဒါန်းရာတွင် အခက်အခဲရှိကြောင်း ကူညီနေသူ သံဃာက ဆိုသည်။

“လာလှူတဲ့လူတွေကို တိုက်ရိုက်သွားလှူခွင့် မပြုဘူး ဒကာကြီး။ စစ်သားတွေ မီးသတ်တွေက သူတို့ကနေတဆင့် လှူစေချင်တယ်။ ဒါပေမဲ့ သံဃာတွေက ဇွတ်အတင်းကို လှူချင်လို့ ရေထဲဆင်းပြီး လှူခဲ့ရတယ်” ဟု ဆိုသည်။

Mandalay-Water.2

ထမင်းထုပ် တပွေ့တပိုက်နှင့် ကလေးမလေး တယောက် (photo : www.everyoneit.com)

ကလေးအချို့ ဝမ်းလျှောနေသဖြင့် ဝမ်းပိတ်ဆေးများ၊ ဓာတ်ဆားထုပ်များ အရေးတကြီး လိုနေပြီး မီးပျက်၍ ဖယောင်းတိုင်၊ ခြင်ဆေးခွေ၊ ဆန်နှင့် ဟင်းချက်စရာများလည်း အရေးတကြီး လိုနေသည်။

ဆည်ရေဖောက်မှုကြောင့် လူနေအိမ်များ ရေမြုပ်သည့် အပြင် မန္တလေးအနီးတဝိုက်သွား ကားလမ်းများနှင့် ရှမ်းပြည်မြောက်ပိုင်းတက်သည့် ကားလမ်းပါ ရေကျော်ကုန်သဖြင့် အဆက်အသွယ် ပြတ်နေသည်မှာ ၅ ရက်ခန့် ရှိပြီဖြစ်သည်။

“ကားလမ်းတွေ ရေကျော်လို့လေ။ မေမြို့တောင် သွားလို့မရဘူး။ မူဆယ်၊ လားရှိုးဘက်လဲ ရပ်ထားကြတယ်။ မြင်းခြံဘက်လဲ သွားလို့မရဘူး။ မိတ္ထီလာဘက်က လှည့်သွားရတယ်” ဟု ချမ်းမြရွှေပြည် ကားကြီးဝင်းရှိ ဂိတ်မှူးတဦးက ပြောသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ယခုလနှင့် နိုဝင်ဘာလအတွင်း မြန်မာပြည်သို့ မုန်တိုင်း မကြာခဏဝင်ကာ မိုးကြီးလေထန်ဖြစ်တတ်၍ မိုးလေဝသသတင်းများကို သတိထား စောင့်ကြည့်ကြရန် တိုက်တွန်းထားသည်။

No comments:

Post a Comment