





ရန်ကုန်မြို့ စံပြငါးဈေးက အလုပ်သမားတယောက် ရင်ဘတ်မှာ ဆေးမင်ကြောင် ထိုးထားတာ ဗိုလ်ချုပ်အောင်ဆန်းပုံ။
မိခင်ဖြစ်သူ ခေါင်းဆောင်နေတဲ့ NLD ရဲ့ အလံပုံ လက်မောင်းမှာ ထိုးထားတာ။


DECEMBER 08: (Photo: Getty Images) Myanmar democracy icon Aung San Suu Kyi stands bare-footed next to her party members as she hands out donations to Buddhist nuns and monks at the National League for Democracy (NLD) headquarters in Yangon on December 8, 2010 in Yangon, Myanmar. Over a thousand Buddhist monks and nuns gathered to receive a yearly donation from the NLD. The donation included clothing, slippers, umbrellas and money.
ဖိုးရှုပ်။ ။ သြော် … သူများနိုင်ငံမှာ … သူတို့ ဘုရင်ကြီးကို ပြည်သူလူထုက ချစ်လိုက်ကြတာနော်။ ကြည့်စမ်းပါဦး။ ဘုရင်ကြီးရဲ့ မွေးနေ့ကို ကျင်းပနေလိုက်တာများ ... တနိုင်ငံလုံး တပျော်တပါးနဲ့။
ရုက္ခစိုး။ ။ မင်းတို့လည်း အားကျမခံ … ချိုကုပ်ဒူးကြီးကို မွေးနေ့ ကျင်းပပေးလိုက်ပေါ့ကွာ။
ကြွက်စုတ်။ ။ အာ … ဦးရုက္ခစိုးကလည်း … ကျနော်တို့က ကျင်းပပေးချင်တာတောင် သူ့မွေးနေ့မှ မသိတာ။ ကြည့်ရတာ သူ့ အမေဗိုက်ထဲက မွေးတောင် မွေးရဲ့လား မသိဘူး။
ဖိုးရှုပ်။ ။ ကြွက်စုတ် ပြောတာ ဖြစ်နိုင်တယ်။ သူက အမေ ဆိုတဲ့ အသုံးအနှုန်းကို မကြိုက်ဘူးနော်။ ကဗျာဆရာတွေ အမေဘွဲ့ ရေးရင်တောင် စိစစ်ရေးကနေ ဖြုတ်ပစ်တာ။ ပုံတူမျိုးပွားကြီးဖြစ်မယ်။
ထိုစဉ် “တယ်တော်ပါလား။ ဒီသတင်းကို အခုပဲ ရေးတင်လိုက်မယ်” ဟူသည့်အသံကို သူတို့ ၃ ဦးစလုံး ကြားမိသောကြောင့် လှည့်ကြည့်လိုက်ရာ နာမည်ကြီးနေသော ဝီကီလိခ် ဝက်ဘ်ဆိုက်ကို တည်ထောက်သူ အက်ဆန်း ဖြစ်နေကြောင်း တွေ့လိုက် ရသည်။
ကြွက်စုတ်။ ။ ဟာ … ခင်ဗျား မနေ့ကပဲ အဖမ်းခံလိုက်ရတယ်ဆို။ အခု ဘယ်က ဘယ်လို ချင်းမိုင် ရောက်နေတာလဲ။
အက်ဆန်း။ ။ ခုနက ခင်ဗျားတို့ ပြောတဲ့ထဲမှာ ပါသွားတယ်လေ။ ပုံတူမျိုးပွားဆိုတာ။ အခု အဖမ်းခံလိုက်တာက ကျုပ်ရဲ့ ကလုန်းဗျ ဟဲဟဲ။
ဖိုးရှုပ်။ ။ သြော် … အဲဒါကြောင့် အဖမ်းခံရပေမယ့် သတင်းတွေ ဆက်တင်နေမယ်လို့ ပြောတာကိုး ဟုတ်လား။
အက်ဆန်း။ ။ ဒါပေါ့ဗျ။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့သတင်းတွေ တင်ချင်လို့ … အခု ရန်ကုန်မသွားခင် ချင်းမိုင်ကို ခဏဝင်တာ။ ပြောပါဦး ခုနက ခင်ဗျားတို့ ဆွေးနွေးနေတဲ့ ကိစ္စ။
ရုက္ခစိုး။ ။ ပုံတူမျိုးပွား ဆိုတာလား။ ဒါက အထင်ကို ပြောနေတာပါ အက်ဆန်းရယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ဒီကောင်တွေ ပေါက်ကရ လျှောက်ပြောနေတာ။
အက်ဆန်း။ ။ အရူးတွေပြောတာက တခါတလေ မှန်တတ်တယ်တဲ့။ ကျုပ်ကတော့ ချိုကုပ်ဒူးကြီးဟာ လူအစစ် မဟုတ်ဘူး၊ ပုံတူမျိုးပွား ဖြစ်တယ် ဆိုတာကို အခုပဲ ဝီကီလိခ်မှာ ရေးတင်လိုက်တော့မယ်။
ပြောပြောဆိုဆိုဖြင့် အက်ဆန်းက သူ၏ အိုင်ပေါ့တွင် ရေးကာ တင်လိုက်လေသည်။ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က သူတို့ကို အရူးဟုပြောသော အက်ဆန်းကို သိပ်မကြည်ကြ။ ဒါကိုသိသည့် ဦးရုက္ခစိုးက စကားလွှဲလိုက်သည်။
ရုက္ခစိုး။ ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက မန်ယူကို ဝယ်မယ် ဆိုတာကော တကယ်ပဲလား။
အက်ဆန်း။ ။ အခုလိုပဲပေါ့ဗျာ ...။ ဖြစ်နိုင်ခြေ တော်တော်များများရှိတယ်ပေါ့။ ဟုတ်မဟုတ်တော့ ဘယ်သိပါ့မလဲ။ ကျုပ်က ဗေဒင်ဆရာမှမဟုတ်ဘဲ။ အဲဒါထက် စာရင် ချိုကုပ်ဒူးကြီး လူအစစ်မဟုတ်ဘူး ဆိုတာက ပိုဖြစ်နိုင်သေးတယ်။
ဖိုးရှုပ်။ ။ ဘာဖြစ်လို့လဲ။ ကျုပ်တို့က ထင်ရာ လျှောက်ပြောနေတာ။
အက်ဆန်း။ ။ သိပါတယ်။ အခုဟာက ခိုင်လုံတဲ့ အချက်တွေ ရှိတယ်။ ဥပမာ … ခင်ဗျားတို့ ချိုကုပ်ဒူးကြီးက အရှက် တစက်မှ မရှိဘူးလေ၊ သူသာ လူဆိုရင် အရှက်ရှိရမှာပေါ့ မဟုတ်ဘူးလား။
ကြွက်စုတ်။ ။ အဲဒါတော့ ဟုတ်တယ်။ မြန်မာ့အမှောင် သတင်းစာမှာပါတဲ့ ပြည်သူသို့ ကျေးဇူးတင်လွှာကို ကြည့်ပြီး ပြောတာမဟုတ်လား။
အက်ဆန်း။ ။ ဟုတ်ပါ့။ ခင်ဗျားကမှ နည်းနည်းတော်သေးတယ်။ ကျုပ်တော့ ဒီလောက် အရှက်မရှိတဲ့ နိုင်ငံ့ခေါင်းဆောင်မျိုး သမိုင်းမှာ တခါမှကို မကြားဖူးဘူးဗျာ။ ကျုပ်အထင် မမှားဘူးဆိုရင် ဂင်းနစ် စံချိန် စာအုပ်ထဲတောင် ပါနိုင်တယ်။ ကမ္ဘာ့ အရှက်အမဲ့ဆုံး ခေါင်းဆောင် ဆိုပြီးတော့လေ။
ရုက္ခစိုး။ ။ ဒါနဲ့ ခင်ဗျားက ဘာဖြစ်လို့ မြန်မာနိုင်ငံရဲ့ လျှို့ဝှက်သတင်းတွေကို စိတ်ဝင်စားရတာလဲ။ မြန်မာနိုင်ငံက ဘာများ စိတ်ဝင်စားစရာ ကောင်းလို့လဲ။
အက်ဆန်း။ ။ ဟာ … ကမ္ဘာမှာ တော်တော်သေးတဲ့ နိုင်ငံဆိုပေမယ့် တော်တော်ချမ်းသာတဲ့ ချိုကုပ်တွေအများကြီး ရှိတယ်လေ။ တလ၊ တလ စိန်တွေ ဝယ်စုနေကြတာများ … ကျုပ်ဖြင့် တခါမှကို မကြားဖူးဘူး။ အရမ်းကို အံ့သြတယ်။
ဖိုးရှုပ်။ ။ အဲဒီထဲမှာ ကျနော်တို့တော့ မပါဘူးနော်။
အက်ဆန်း။ ။ သိပါတယ်။ ခင်ဗျားတို့ကို စကားထဲတောင် ထည့်မပြောဘူး။ ကံမကောင်းရင် ဒိုနာက ပိုက်ဆံလျှော့ပေးလို့ နောက်နှစ်မှာ ခင်ဗျားတို့ အလုပ်လက်မဲ့ ဖြစ်ချင်ဖြစ်နေမှာ။
ကြွက်စုတ်။ ။ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ နိမိတ်မရှိ နမာမရှိဗျာ။
ရုက္ခစိုး။ ။ ကဲပါ … မြန်မာပြည် အကြောင်းပဲ ဆက်စမ်းပါဦး။ ဘာတွေကို စိတ်ဝင်စားတယ်ဆိုတာ။
အက်ဆန်း။ ။ ပြောမယ် … ပြောမယ်။ တကယ်တော့ ခင်ဗျားတို့ အရမ်းအံ့သြသွားမယ့် သတင်းတပုဒ် ကျုပ်မှာရှိတယ်ဗျ။
အက်ဆန်းက သူ့စကားကို မဆက်သေးဘဲ စိတ်ဝင်စားမှု ရှိမရှိ အကဲခတ်နေသည်။
ဖိုးရှုပ်။ ။ ပြောမှာ ပြောတာ မဟုတ်ဘူး။ အိုက်တင်က ခံနေသေးတယ်။
အက်ဆန်း။ ။ ဒီလိုဗျ။ ၂၀၁၀ အတွက် အထူးခြားဆုံး ဆုတဆုကို ခင်ဗျားတို့ ချိုကုပ်ဒူးကြီး ရလိမ့်မယ်။ ကမ္ဘာက ပေးမှာနော်။
ကြွက်စုတ်။ ။ ဘာလဲ … ကမ္ဘာ့ အဆိုးဆုံးဆုလား ...။ ဒါက အရင်နှစ်တွေကလည်း ကျုပ်တို့ ချိုကုပ်ဒူးကြီးက ရနေကျပါ။
အဆင့် ၃၊ ၄ လောက်ကနေ ဘယ်တုန်းကမှ ဆင်းတာမဟုတ်ဘူး။
အက်ဆန်း။ ။ လုံးဝ မဟုတ်ဘူး။ အခုဆုက ပထမဆု … မစ္စတာဘင်းန် ကိုယ်တိုင် မြန်မာပြည်လာပြီး ဆုချမှာ။
ဖိုးရှုပ်။ ။ ဘယ်လို …၊ မစ္စတာဘင်းန် ကိုယ်တိုင် ဟုတ်လား။ ဖြစ်နိုင်ပါ့မလားဗျာ။
အက်ဆန်း။ ။ မကြာခင် ကျုပ်ရဲ့ ဝီကီလိခ် ပေါ်မှာ တွေ့ရလိမ့်မယ်။ ၂၀၁၁ ဇန်နဝါရီထဲမှာ ချီးမြှင့်မှာ။ မစ္စဘင်းန်က သူရထားတဲ့ ဆုမှန်သမျှကို ချိုကုပ်ဒူးကြီးကို လွှဲပေးတဲ့အပြင် နောက်ထပ် ကမ္ဘာ့ ဟာသအလုပ်နိုင်ဆုံးဆု ဆိုပြီး ချီးမြှင့်မှာ။ အဲဒီဆု ရရင်တော့ မန်ယူအသင်းကို သူ တကယ် ဝယ်နိုင်ပြီ။
ရုက္ခစိုး။ ။ ဟာသ အလုပ်နိုင်ဆုံးဆု … ဟုတ်လား။ တခါမှ မကြားဖူးဘူး။
အက်ဆန်း။ ။ ဟုတ်တယ် … ဒီနှစ်မှ စချီးမြှင့်တာ။ မစ္စတာဘင်းန် ဖောင်ဒေးရှင်းကနေပေါ့။ ၂၀၁၀ ရွေးဂေါက်ပွဲကြီးမှာ … ကြိုတင်မဲတွေနဲ့ အနိုင်ယူလိုက်တာရယ် ...၊ သတင်းစာထဲမှာ မဲအရေအတွက်တွေ၊ ရာခိုင်နှုန်းတွေ ခဏခဏ မှားလို့ အမှားပြင်ဆင်ရတာရယ် … နောက်ဆုံး ကလိုင်းမိတ်စ် ကတော့ ဘယ်ပြည်သူလူထုကမှလည်း မဲမပေးရဘဲနဲ့ ရုပ်တည်နဲ့ ကျေးဇူးတင်လွှာ ထည့်လိုက်တဲ့ ကိစ္စပဲ။
ဖိုးရှုပ်။ ။ အံ့မခန်းဘဲ နော်။ မစ္စတာဘင်းန် လေးစားသွားတဲ့ အချက်ကလေး ရှိရင် ပြောစမ်းပါဦးဗျာ။
အက်ဆန်း။ ။ ရှိတာပေါ့ ...။ ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုကြောင့် ကြံ့ဖွံ့ပါတီက အနိုင်ရရှိ သွားတဲ့အတွက် တိုင်းပြည်နဲ့ လူမျိုး ဖွံ့ဖြိုး တိုးတက်စည်ပင် ဝပြောရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားပါမယ် ဆိုပြီး ကတိပေးတဲ့ အချက်ကို လေးစားသွားတာ။ အဲဒီမှာ မစ္စတာဘင်းန်လည်း သူရထားတဲ့ ဆုမှန်သမျှ ချိုကုပ်ဒူးကြီးကို လွှဲပေးပါမယ်ဆိုပြီး ထိုင်ငိုတော့ တာပဲ။
ထိုစဉ် အက်ဆန်းထံသို့ ဖုန်း ဝင်လာသဖြင့် စကားပြတ်သွားသည်။ ဖုန်းပြောပြီးသည်နှင့် အက်ဆန်းက သူတို့ဘက် ပြန်လှည့်လာသည်။
အက်ဆန်း။ ။ မြန်မာနိုင်ငံ သံတမန် အသိုင်းအဝန်းကနေ နောက်ဆုံးသတင်းတပုဒ် တက်လာတယ်။ သိချင်ကြလား။ ကျုပ်လည်း ဝီကီလိခ်မှာ ချက်ချင်းတင်ပြီး လစ်မှဖြစ်မယ်။
ကြွက်စုတ်။ ။ သိချင်တယ်၊ သိချင်တယ်။ ပြောပါဦး။
အက်ဆန်း။ ။ ချိုကုပ်ဒူးကြီးက သူ့အတွင်း သတင်းတွေ ပေါက်ကြားလို့ ကျုပ်ကို အသေရရ အရှင်ရရ လိုချင်နေတယ်တဲ့။ ကျုပ်တော့ မြန်မာပြည် မသွားရဲတော့ဘူး … ကြောက်တယ်။ ပြန်ပြေးတော့မယ်။
ရုက္ခစိုး။ ။ မပြေးခင် နောက်ဆုံးသတင်းလေးတော့ ပြောခဲ့ဦးလေ။ ဦးဦးဖျားဖျား သိရအောင်။
အက်ဆန်း။ ။ ကျုပ်ရဲ့ ဝီကီလိခ်ကို တန်ပြန်တိုက်စစ်ဆင်ဖို့ ချိုကုပ်ဒူးကြီးက မြန်မာဝီကီလိခ် တခု လုပ်ဖို့ ဒုတိယ ချိုကုပ်ဒူးကြီး မောင်ကွေးကို တာဝန်ပေးလိုက်တယ်တဲ့။
ဖိုးရှုပ်။ ။ သြော် … ဒါပဲလား။
အက်ဆန်း။ ။ ဒါပဲ မဟုတ်ဘူး။ မောင်ကွေးက မူးနေတော့ မြန်မာဝီကီလိခ်လို့ မကြားဘဲ မြန်မာ ဝီစကီလိခ် လို့ ကြားပြီး ဂရန်းရွိုင်ယယ် ဝီစကီ စက်ရုံက အရက်စည်တွေအားလုံးကို ဖောက်ချခိုင်းလို့ မြန်မာပြည်မှာ အရက်ဈေးတွေ ရုတ်တရက် ထိုးတက်သွားတယ်တဲ့။
ကြွက်စုတ်။ ။ အရက်ဈေးတက်တာများဗျာ ...။ ဘာထူးဆန်းလို့လဲ။
အက်ဆန်း။ ။ ကျန်သေးတယ်လေ။ အဲဒီလို အရက်ဈေး တက်တာကို မကျေနပ်တဲ့ အရက်သမားတွေက ဆူပူမှုတွေ လုပ်နေပြီ။ ဒါ နိုင်ငံရေး အသွင် ကူးပြောင်းသွားနိုင်တယ်ဆိုပြီး စိုးရိမ်နေကြတယ်လေ။ ချိုကုပ်ဒူးကြီးက ကျုပ်ကြောင့် ဖြစ်ရတာ ဆိုပြီး ကျုပ်ကို အမှုန့်ကြိတ်ဖို့ မြေလှန်ရှာမယ် ပြောတယ်။
ရုက္ခစိုး။ ။ စိုးရိမ်စရာ မရှိလောက်ပါဘူး။ စိတ်မပူပါနဲ့။
အက်ဆန်း။ ။ မလုပ်နဲ့ မလုပ်နဲ့ … တကမ္ဘာလုံးမှာ ကျုပ်ကြောက်တာဆိုလို့ သူတယောက်တည်း ရှိတာ။ ကျုပ်ရဲ့ ကလုန်းကို အပြင်ထုတ်ပြီး ကျုပ်ကိုယ်တိုင်ပဲ ထောင်ထဲ သွားဝင်နေလိုက်တော့မယ်။ လစ်ပြီဗျို့။
ပြောပြောဆိုဆို ထွက်ပြေးပျောက်ကွယ်သွားသော အက်ဆန်းကို သူတို့ ၃ ဦးစလုံး မတားလိုက်နိုင်ကြပေ။
နောက်တနေ့ နိုင်ငံတကာ သတင်းစာများတွင် … “ဝီကီလိခ် ထူထောင်သူ အစစ်ကို ဖမ်းမိခဲ့သည်ဟု ထင်သော်လည်း ထိုသူမှာ ပုံတူမျိုးပွားထားသူသာ ဖြစ်ကြောင်း၊ ၂ ရက်ခန့်အကြာမှ အစစ် ကိုယ်တိုင် လန်ဒန်ရဲစခန်းတွင် လာရောက် အဖမ်းခံသဖြင့် အတုကို လွှတ်ပေးလိုက်ရကြောင်း၊ ၎င်းကို လူအတုလုပ်မှုတမှု ထပ်တိုး စွဲချက် တင်ထားကြောင်း” စာလုံးမည်းကြီးများဖြင့် ဖော်ပြထားသည်ကို တွေ့ကြရလေတော့သည်။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
ရန်ကုန်သားတာတေ

ဦးအလံမလှဲ









