နေမင်းထွန်းမှသတင်းဖြင့်ကျေးဇူးဆပ်ပါသည်

Friday, December 10, 2010

NLD ရုံးချုပ်တွင် ကမ္ဘာ့လူ့အခွင့်အရေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပ





-ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကို ရန်ကုန် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင်ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဧရာဝတီသတင်းထောက် ပေးပို့သော ဓာတ်ပုံတချို့ကို ဖော်ပြပေးလိုက်ပါသည်။

ဧရာဝတီ သောကြာစကားဝိုင်း (ဒီဇင်ဘာ ၁၀၊ ၂၀၁၀)

Irr.12.10.10 by
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် ရှမ်းတိုင်းရင်းသားတွေရဲ့ ၂၁၀၅ နှစ်မြောက် နှစ်သစ်ကူးပွဲတော်အကြောင်းနဲ့ ရှမ်းနှစ်သစ်ကူးပွဲ ဘယ်က ဖြစ်လာသလဲ ဆိုတဲ့ အကြောင်းတွေကို
ဆွေးနွေးထားပါတယ်။

ကိုစိုး၊ အေးချမ်းမြေ့နဲ့ စိုင်းဇွမ်ဆိုင်းတို့ ပါဝင်ဆွေးနွေးထားပါတယ်။

ဧရာဝတီ သောကြာစကားဝိုင်းဟာ တပတ်အတွင်းပြည်တွင်း ပြည်ပမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အနုပညာ စတဲ့ အကြောင်းအရာတွေကို မတူညီတဲ့ အမြင်တွေနဲ့ ထောင့်ပေါင်းစုံကနေ လွတ်လွတ်လပ်လပ် ဆွေးနွေးတင်ဆက်ထားတာ ဖြစ်ပါတယ်။

ဝီကီလိစ် ထောက်ခံသူများ ဆိုက်ဘာစစ်ပွဲ စတင်

နိုင်ငံရေး တက်တူး (tattoo)



ရန်ကုန်မြို့ စံပြငါးဈေးက အလုပ်သမားတယောက် ရင်ဘတ်မှာ ဆေးမင်ကြောင် ထိုးထားတာ ဗိုလ်ချုပ်အောင်ဆန်းပုံ။

တချို့က ဗိုလ်ချုပ်အောင်ဆန်းပုံကို တယ်လီဖုန်း ဖန်သားပြင်မှာ ထားတယ်။ ဂျီတော့သမား(Gtalk အသုံးပြုသူ)တချို့လည်း ဗိုလ်ချုပ်အောင်ဆန်းပုံ တင်ကြတယ်။ အခါအားလျော်စွာ ပုံတွေ ပြောင်းကြတယ်။

ရင်ဘတ်မှာ တက်တူး ထိုးတာကတော့ ပြောင်းလဲဖို့ အကုန်အကျ များလွန်းတယ်။ အကုန်အကျ ခံနိုင်တယ် ဆိုရင်တောင် မြို့ကြီးပြကြီး ဆေးခန်းကြီးတွေမှာပဲ ပြောင်းလို့ ဖျက်လို့ ရနိုင်တယ်။
ဒီ အမျိုးသားရဲ့ တက်တူးကို ကြည့်ပြီး တခု ပြောနိုင်တာကတော့ ဒီနေ့ခေတ် လူငယ်တွေက
ဗိုလ်ချုပ်အောင်ဆန်းကို လေးစားကြည်ညိုနေတုန်းပဲ ဆိုတဲ့ အချက်ပါ။

နိုင်ငံရေး သင်္ကေတ တက်တူးတွေကို မြင်ရခဲပါတယ်။ ပေါ်လာပြန်တော့လည်း ရှေ့ဆင့်နောက်ဆင့်။ အပေါ်က AP သတင်းဌာဓာတ်ပုံဟာ မနေ့က ကြာသပတေးနေ့မှာ ရိုက်ထားတာလို့ ဆိုတယ်။ အောက်ကပုံကတော့ အင်္ဂါနေ့ကပုံ။မိခင်ဖြစ်သူ ခေါင်းဆောင်နေတဲ့ NLD ရဲ့ အလံပုံ လက်မောင်းမှာ ထိုးထားတာ။
ဖြစ်ကတတ်ဆန်း မဟုတ်ဘဲ ပုံစံကျနေတယ်။ ကျောင်းသားတွေကို ကိုယ်စားပြုတဲ့ ခွပ်ဒေါင်းက မြန်မာနိုင်ငံကို သင်္ကေတ ပြုတဲ့ ကြယ်ကို ပင့်တင်ထားတဲ့ အနေအထား။
NLD အလံအတွက် ဒီဇိုင်းဆွဲတုန်းက အဲဒီလို သဘောမျိုး ဆွဲတယ်လို့ ကြားဖူးတယ်။ နောက်တော့ ဒီဇိုင်းဆရာ အဆင့်ဆင့် ပုံတူပွားကြတာ ကြယ်က အောက်ကို နည်းနည်း ရောက်သွားတယ်။ တချို့ အလံတွေမှာတော့ ကြယ်ကို ခပ်ကြီးကြီး တပ်ထားတယ်။

ကင်(မ်) ရဲ့ လက်မောင်းက အလံအတွက် အနီရောင် တမျိုးထဲ သုံးထားတယ်လို့ ယူဆရပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ဆေးမင်ကြောင် ထိုးတာ အမျိုးသားရော အမျိုးသမီးတွေရော ကြိုက်နေကြပုံပါပဲ။ မင်ကြောင် ထိုးသူ အများစုက ပုံသေးသေးလေးတွေကို ရွေးကြပါတယ်။

မြန်မာပြည်မှာ အမျိုးသမီးတွေလည်း ဆေးမင်ကြောင် ထိုးလာပြီလို့ ဧရာဝတီမှာ ဖော်ပြပြီးပါပြီ။ နရီလင်းလက် ရေးတဲ့ သတင်း - မြန်မာ မိန်းကလေးများကြား တက်တူး ဖက်ရှင် ခေတ်စားလာ ဖြစ်ပါတယ်။


Thursday, December 9, 2010

မန္တလေးတိုင်းမှူးအိမ် မီးလောင်

မင်းနိုင်သူ၊ ဒီဇင်ဘာ ၉၊ ၂၀၁၀

မန္တလေးနန်းတွင်းရှိ မန္တလေးတိုင်းမှူးဗိုလ်မှူးချုပ်ရဲအောင် နေအိမ် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“၀ါယာရှော့ခ်ဖြစ်ပြီး လောင်တာလို့ မီးသတ်က ပြောပါတယ်။ မီးသတ်ကားတွေကို ဥသြမဆွဲဖို့ အမိန့်ပေးထားတယ်လို့လည်း သိရတယ်” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ် တခုလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၊ လောင်ကျွမ်းချိန်တွင် မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင် မရှိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ခံက“တိုင်းမှူးက မေမြို့ဗိုလ်သင်တန်းဆင်းပွဲလာမယ့် ဗိုလ်ချုပ်မှူးကြီးကို သွားကြိုနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးလည်း နန်းတွင်းမှာ တည်းဖို့ အစီအစဉ်ရှိတယ်။ အခုဟာ သူမရောက်သေးခင် လောင်တာပေါ့”ဟု ဆက်လက် ပြောဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မပြုပေ။







ဓာတ်ပုံ-ဧရာဝတီ



တိုင်းမှူးအိမ်မီးလောင်နေစဉ် ကျုံးအပြင်မှ တွေ့ရစဉ် (ဓာတ်ပုံ-ဧရာဝတီ ပရိသတ်တဦး)

စာနယ်ဇင်းသမားတွေကို ဖိနှိပ်ရာမှာ မြန်မာ ထိပ်တန်းကပါ


စာနယ်ဇင်းသမားများ ကကွယ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ စာနယ်ဇင်းသမား၊ မီဒီယာသမားတွေကို ဖိနှိပ်ရာမှာ မြန်မာစစ်စိုးရက အဆင့် ၄ ရှိပါတယ်။ စာနယ်ဇင်းသမားများကို အကျဉ်းချမှုနဲ့ အီရန်နဲ့ တရုတ်က ပူးတွဲ ဗိုလ်စွဲထားပြီး အီရီထရီးယားနဲ့ မြန်မာက တတိယနဲ့ စတုတ္ထ ချိတ်ပါတယ်။ မြန်မာနောက်မှာတော့ ဥဇဘက်ကစ္စတန်ပါ။

Ref: CPJ

ဓာတ်ပုံဆရာရဲ့ အမြင်

DECEMBER 08: (Photo: Getty Images) Myanmar democracy icon Aung San Suu Kyi stands bare-footed next to her party members as she hands out donations to Buddhist nuns and monks at the National League for Democracy (NLD) headquarters in Yangon on December 8, 2010 in Yangon, Myanmar. Over a thousand Buddhist monks and nuns gathered to receive a yearly donation from the NLD. The donation included clothing, slippers, umbrellas and money.

e ဂျာနယ်အစား email နေ့စဉ် သတင်းလွှာ ပြောင်းလဲ ဖြန့်ချိမည်

စာဖတ်သူများသို့ ...

ဧရာဝတီ အင်တာနက် စာမျက်နှာတွင် မြန်မာ ဘာသာဖြင့် နေ့စဉ် ဖော်ပြနေသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ရုက္ခစိုး၊ ကာတွန်း အစရှိသည့် ကဏ္ဍစဉ်များကို အီးမေးလ် နေ့စဉ် သတင်းလွှာ ပုံစံ ပြောင်းလဲ ဖြန့်ဝေသွားရန် အစီအစဉ် ရှိပါ၍ ယခင် နှစ်ပတ် တကြိမ် ထုတ်ဝေနေသော e-ဂျာနယ်ကို ယခု ဒီဇင်ဘာ လဆန်းမှ စတင်၍ ရပ်နားလိုက်ကြောင်း အသိပေးအပ်ပါသည်။

ကျေးဇူးတင်စွာဖြင့်
ဧရာဝတီ

Wednesday, December 8, 2010

မြန်မာဝီစကီလိခ်နှင့် ချိုကုပ်ဒူးကြီးကလုန်း

ထိုင်းနိုင်ငံအနှံ့ ထိုင်းဘုရင်ကြီး ဘူမိဘော၏ မွေးနေ့ပွဲကို အကြီးအကျယ် ခြိမ့်ခြိမ့်သည်းသည်း ကျင်းပနေသည်။ ချင်းမိုင်မြို့တွင်လည်း ဘုရင်ကြီး မွေးနေ့ အထိမ်းအမှတ် လက်မှုပွဲတော်တခုရှိနေရာ ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုး တို့မှာ ပွဲတော်လာ လူအုပ်ထဲတွင် ရောနှောပါဝင်လျက် တောင်ငေး မြောက်ငေးဖြင့် အံ့သြတကြီး ဖြစ်နေကြသည်။

ဖိုးရှုပ်။ ။ သြော် … သူများနိုင်ငံမှာ … သူတို့ ဘုရင်ကြီးကို ပြည်သူလူထုက ချစ်လိုက်ကြတာနော်။ ကြည့်စမ်းပါဦး။ ဘုရင်ကြီးရဲ့ မွေးနေ့ကို ကျင်းပနေလိုက်တာများ ... တနိုင်ငံလုံး တပျော်တပါးနဲ့။

ရုက္ခစိုး။ ။ မင်းတို့လည်း အားကျမခံ … ချိုကုပ်ဒူးကြီးကို မွေးနေ့ ကျင်းပပေးလိုက်ပေါ့ကွာ။

ကြွက်စုတ်။ ။ အာ … ဦးရုက္ခစိုးကလည်း … ကျနော်တို့က ကျင်းပပေးချင်တာတောင် သူ့မွေးနေ့မှ မသိတာ။ ကြည့်ရတာ သူ့ အမေဗိုက်ထဲက မွေးတောင် မွေးရဲ့လား မသိဘူး။

ဖိုးရှုပ်။ ။ ကြွက်စုတ် ပြောတာ ဖြစ်နိုင်တယ်။ သူက အမေ ဆိုတဲ့ အသုံးအနှုန်းကို မကြိုက်ဘူးနော်။ ကဗျာဆရာတွေ အမေဘွဲ့ ရေးရင်တောင် စိစစ်ရေးကနေ ဖြုတ်ပစ်တာ။ ပုံတူမျိုးပွားကြီးဖြစ်မယ်။

ထိုစဉ် “တယ်တော်ပါလား။ ဒီသတင်းကို အခုပဲ ရေးတင်လိုက်မယ်” ဟူသည့်အသံကို သူတို့ ၃ ဦးစလုံး ကြားမိသောကြောင့် လှည့်ကြည့်လိုက်ရာ နာမည်ကြီးနေသော ဝီကီလိခ် ဝက်ဘ်ဆိုက်ကို တည်ထောက်သူ အက်ဆန်း ဖြစ်နေကြောင်း တွေ့လိုက် ရသည်။

ကြွက်စုတ်။ ။ ဟာ … ခင်ဗျား မနေ့ကပဲ အဖမ်းခံလိုက်ရတယ်ဆို။ အခု ဘယ်က ဘယ်လို ချင်းမိုင် ရောက်နေတာလဲ။

အက်ဆန်း။ ။ ခုနက ခင်ဗျားတို့ ပြောတဲ့ထဲမှာ ပါသွားတယ်လေ။ ပုံတူမျိုးပွားဆိုတာ။ အခု အဖမ်းခံလိုက်တာက ကျုပ်ရဲ့ ကလုန်းဗျ ဟဲဟဲ။

ဖိုးရှုပ်။ ။ သြော် … အဲဒါကြောင့် အဖမ်းခံရပေမယ့် သတင်းတွေ ဆက်တင်နေမယ်လို့ ပြောတာကိုး ဟုတ်လား။

အက်ဆန်း။ ။ ဒါပေါ့ဗျ။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့သတင်းတွေ တင်ချင်လို့ … အခု ရန်ကုန်မသွားခင် ချင်းမိုင်ကို ခဏဝင်တာ။ ပြောပါဦး ခုနက ခင်ဗျားတို့ ဆွေးနွေးနေတဲ့ ကိစ္စ။

ရုက္ခစိုး။ ။ ပုံတူမျိုးပွား ဆိုတာလား။ ဒါက အထင်ကို ပြောနေတာပါ အက်ဆန်းရယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ဒီကောင်တွေ ပေါက်ကရ လျှောက်ပြောနေတာ။

အက်ဆန်း။ ။ အရူးတွေပြောတာက တခါတလေ မှန်တတ်တယ်တဲ့။ ကျုပ်ကတော့ ချိုကုပ်ဒူးကြီးဟာ လူအစစ် မဟုတ်ဘူး၊ ပုံတူမျိုးပွား ဖြစ်တယ် ဆိုတာကို အခုပဲ ဝီကီလိခ်မှာ ရေးတင်လိုက်တော့မယ်။

ပြောပြောဆိုဆိုဖြင့် အက်ဆန်းက သူ၏ အိုင်ပေါ့တွင် ရေးကာ တင်လိုက်လေသည်။ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က သူတို့ကို အရူးဟုပြောသော အက်ဆန်းကို သိပ်မကြည်ကြ။ ဒါကိုသိသည့် ဦးရုက္ခစိုးက စကားလွှဲလိုက်သည်။

ရုက္ခစိုး။ ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက မန်ယူကို ဝယ်မယ် ဆိုတာကော တကယ်ပဲလား။

အက်ဆန်း။ ။ အခုလိုပဲပေါ့ဗျာ ...။ ဖြစ်နိုင်ခြေ တော်တော်များများရှိတယ်ပေါ့။ ဟုတ်မဟုတ်တော့ ဘယ်သိပါ့မလဲ။ ကျုပ်က ဗေဒင်ဆရာမှမဟုတ်ဘဲ။ အဲဒါထက် စာရင် ချိုကုပ်ဒူးကြီး လူအစစ်မဟုတ်ဘူး ဆိုတာက ပိုဖြစ်နိုင်သေးတယ်။

ဖိုးရှုပ်။ ။ ဘာဖြစ်လို့လဲ။ ကျုပ်တို့က ထင်ရာ လျှောက်ပြောနေတာ။

အက်ဆန်း။ ။ သိပါတယ်။ အခုဟာက ခိုင်လုံတဲ့ အချက်တွေ ရှိတယ်။ ဥပမာ … ခင်ဗျားတို့ ချိုကုပ်ဒူးကြီးက အရှက် တစက်မှ မရှိဘူးလေ၊ သူသာ လူဆိုရင် အရှက်ရှိရမှာပေါ့ မဟုတ်ဘူးလား။

ကြွက်စုတ်။ ။ အဲဒါတော့ ဟုတ်တယ်။ မြန်မာ့အမှောင် သတင်းစာမှာပါတဲ့ ပြည်သူသို့ ကျေးဇူးတင်လွှာကို ကြည့်ပြီး ပြောတာမဟုတ်လား။

အက်ဆန်း။ ။ ဟုတ်ပါ့။ ခင်ဗျားကမှ နည်းနည်းတော်သေးတယ်။ ကျုပ်တော့ ဒီလောက် အရှက်မရှိတဲ့ နိုင်ငံ့ခေါင်းဆောင်မျိုး သမိုင်းမှာ တခါမှကို မကြားဖူးဘူးဗျာ။ ကျုပ်အထင် မမှားဘူးဆိုရင် ဂင်းနစ် စံချိန် စာအုပ်ထဲတောင် ပါနိုင်တယ်။ ကမ္ဘာ့ အရှက်အမဲ့ဆုံး ခေါင်းဆောင် ဆိုပြီးတော့လေ။

ရုက္ခစိုး။ ။ ဒါနဲ့ ခင်ဗျားက ဘာဖြစ်လို့ မြန်မာနိုင်ငံရဲ့ လျှို့ဝှက်သတင်းတွေကို စိတ်ဝင်စားရတာလဲ။ မြန်မာနိုင်ငံက ဘာများ စိတ်ဝင်စားစရာ ကောင်းလို့လဲ။

အက်ဆန်း။ ။ ဟာ … ကမ္ဘာမှာ တော်တော်သေးတဲ့ နိုင်ငံဆိုပေမယ့် တော်တော်ချမ်းသာတဲ့ ချိုကုပ်တွေအများကြီး ရှိတယ်လေ။ တလ၊ တလ စိန်တွေ ဝယ်စုနေကြတာများ … ကျုပ်ဖြင့် တခါမှကို မကြားဖူးဘူး။ အရမ်းကို အံ့သြတယ်။

ဖိုးရှုပ်။ ။ အဲဒီထဲမှာ ကျနော်တို့တော့ မပါဘူးနော်။

အက်ဆန်း။ ။ သိပါတယ်။ ခင်ဗျားတို့ကို စကားထဲတောင် ထည့်မပြောဘူး။ ကံမကောင်းရင် ဒိုနာက ပိုက်ဆံလျှော့ပေးလို့ နောက်နှစ်မှာ ခင်ဗျားတို့ အလုပ်လက်မဲ့ ဖြစ်ချင်ဖြစ်နေမှာ။

ကြွက်စုတ်။ ။ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ နိမိတ်မရှိ နမာမရှိဗျာ။

ရုက္ခစိုး။ ။ ကဲပါ … မြန်မာပြည် အကြောင်းပဲ ဆက်စမ်းပါဦး။ ဘာတွေကို စိတ်ဝင်စားတယ်ဆိုတာ။

အက်ဆန်း။ ။ ပြောမယ် … ပြောမယ်။ တကယ်တော့ ခင်ဗျားတို့ အရမ်းအံ့သြသွားမယ့် သတင်းတပုဒ် ကျုပ်မှာရှိတယ်ဗျ။

အက်ဆန်းက သူ့စကားကို မဆက်သေးဘဲ စိတ်ဝင်စားမှု ရှိမရှိ အကဲခတ်နေသည်။

ဖိုးရှုပ်။ ။ ပြောမှာ ပြောတာ မဟုတ်ဘူး။ အိုက်တင်က ခံနေသေးတယ်။

အက်ဆန်း။ ။ ဒီလိုဗျ။ ၂၀၁၀ အတွက် အထူးခြားဆုံး ဆုတဆုကို ခင်ဗျားတို့ ချိုကုပ်ဒူးကြီး ရလိမ့်မယ်။ ကမ္ဘာက ပေးမှာနော်။

ကြွက်စုတ်။ ။ ဘာလဲ … ကမ္ဘာ့ အဆိုးဆုံးဆုလား ...။ ဒါက အရင်နှစ်တွေကလည်း ကျုပ်တို့ ချိုကုပ်ဒူးကြီးက ရနေကျပါ။

အဆင့် ၃၊ ၄ လောက်ကနေ ဘယ်တုန်းကမှ ဆင်းတာမဟုတ်ဘူး။

အက်ဆန်း။ ။ လုံးဝ မဟုတ်ဘူး။ အခုဆုက ပထမဆု … မစ္စတာဘင်းန် ကိုယ်တိုင် မြန်မာပြည်လာပြီး ဆုချမှာ။

ဖိုးရှုပ်။ ။ ဘယ်လို …၊ မစ္စတာဘင်းန် ကိုယ်တိုင် ဟုတ်လား။ ဖြစ်နိုင်ပါ့မလားဗျာ။

အက်ဆန်း။ ။ မကြာခင် ကျုပ်ရဲ့ ဝီကီလိခ် ပေါ်မှာ တွေ့ရလိမ့်မယ်။ ၂၀၁၁ ဇန်နဝါရီထဲမှာ ချီးမြှင့်မှာ။ မစ္စဘင်းန်က သူရထားတဲ့ ဆုမှန်သမျှကို ချိုကုပ်ဒူးကြီးကို လွှဲပေးတဲ့အပြင် နောက်ထပ် ကမ္ဘာ့ ဟာသအလုပ်နိုင်ဆုံးဆု ဆိုပြီး ချီးမြှင့်မှာ။ အဲဒီဆု ရရင်တော့ မန်ယူအသင်းကို သူ တကယ် ဝယ်နိုင်ပြီ။

ရုက္ခစိုး။ ။ ဟာသ အလုပ်နိုင်ဆုံးဆု … ဟုတ်လား။ တခါမှ မကြားဖူးဘူး။

အက်ဆန်း။ ။ ဟုတ်တယ် … ဒီနှစ်မှ စချီးမြှင့်တာ။ မစ္စတာဘင်းန် ဖောင်ဒေးရှင်းကနေပေါ့။ ၂၀၁၀ ရွေးဂေါက်ပွဲကြီးမှာ … ကြိုတင်မဲတွေနဲ့ အနိုင်ယူလိုက်တာရယ် ...၊ သတင်းစာထဲမှာ မဲအရေအတွက်တွေ၊ ရာခိုင်နှုန်းတွေ ခဏခဏ မှားလို့ အမှားပြင်ဆင်ရတာရယ် … နောက်ဆုံး ကလိုင်းမိတ်စ် ကတော့ ဘယ်ပြည်သူလူထုကမှလည်း မဲမပေးရဘဲနဲ့ ရုပ်တည်နဲ့ ကျေးဇူးတင်လွှာ ထည့်လိုက်တဲ့ ကိစ္စပဲ။

ဖိုးရှုပ်။ ။ အံ့မခန်းဘဲ နော်။ မစ္စတာဘင်းန် လေးစားသွားတဲ့ အချက်ကလေး ရှိရင် ပြောစမ်းပါဦးဗျာ။

အက်ဆန်း။ ။ ရှိတာပေါ့ ...။ ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုကြောင့် ကြံ့ဖွံ့ပါတီက အနိုင်ရရှိ သွားတဲ့အတွက် တိုင်းပြည်နဲ့ လူမျိုး ဖွံ့ဖြိုး တိုးတက်စည်ပင် ဝပြောရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားပါမယ် ဆိုပြီး ကတိပေးတဲ့ အချက်ကို လေးစားသွားတာ။ အဲဒီမှာ မစ္စတာဘင်းန်လည်း သူရထားတဲ့ ဆုမှန်သမျှ ချိုကုပ်ဒူးကြီးကို လွှဲပေးပါမယ်ဆိုပြီး ထိုင်ငိုတော့ တာပဲ။

ထိုစဉ် အက်ဆန်းထံသို့ ဖုန်း ဝင်လာသဖြင့် စကားပြတ်သွားသည်။ ဖုန်းပြောပြီးသည်နှင့် အက်ဆန်းက သူတို့ဘက် ပြန်လှည့်လာသည်။

အက်ဆန်း။ ။ မြန်မာနိုင်ငံ သံတမန် အသိုင်းအဝန်းကနေ နောက်ဆုံးသတင်းတပုဒ် တက်လာတယ်။ သိချင်ကြလား။ ကျုပ်လည်း ဝီကီလိခ်မှာ ချက်ချင်းတင်ပြီး လစ်မှဖြစ်မယ်။

ကြွက်စုတ်။ ။ သိချင်တယ်၊ သိချင်တယ်။ ပြောပါဦး။

အက်ဆန်း။ ။ ချိုကုပ်ဒူးကြီးက သူ့အတွင်း သတင်းတွေ ပေါက်ကြားလို့ ကျုပ်ကို အသေရရ အရှင်ရရ လိုချင်နေတယ်တဲ့။ ကျုပ်တော့ မြန်မာပြည် မသွားရဲတော့ဘူး … ကြောက်တယ်။ ပြန်ပြေးတော့မယ်။

ရုက္ခစိုး။ ။ မပြေးခင် နောက်ဆုံးသတင်းလေးတော့ ပြောခဲ့ဦးလေ။ ဦးဦးဖျားဖျား သိရအောင်။

အက်ဆန်း။ ။ ကျုပ်ရဲ့ ဝီကီလိခ်ကို တန်ပြန်တိုက်စစ်ဆင်ဖို့ ချိုကုပ်ဒူးကြီးက မြန်မာဝီကီလိခ် တခု လုပ်ဖို့ ဒုတိယ ချိုကုပ်ဒူးကြီး မောင်ကွေးကို တာဝန်ပေးလိုက်တယ်တဲ့။

ဖိုးရှုပ်။ ။ သြော် … ဒါပဲလား။

အက်ဆန်း။ ။ ဒါပဲ မဟုတ်ဘူး။ မောင်ကွေးက မူးနေတော့ မြန်မာဝီကီလိခ်လို့ မကြားဘဲ မြန်မာ ဝီစကီလိခ် လို့ ကြားပြီး ဂရန်းရွိုင်ယယ် ဝီစကီ စက်ရုံက အရက်စည်တွေအားလုံးကို ဖောက်ချခိုင်းလို့ မြန်မာပြည်မှာ အရက်ဈေးတွေ ရုတ်တရက် ထိုးတက်သွားတယ်တဲ့။

ကြွက်စုတ်။ ။ အရက်ဈေးတက်တာများဗျာ ...။ ဘာထူးဆန်းလို့လဲ။

အက်ဆန်း။ ။ ကျန်သေးတယ်လေ။ အဲဒီလို အရက်ဈေး တက်တာကို မကျေနပ်တဲ့ အရက်သမားတွေက ဆူပူမှုတွေ လုပ်နေပြီ။ ဒါ နိုင်ငံရေး အသွင် ကူးပြောင်းသွားနိုင်တယ်ဆိုပြီး စိုးရိမ်နေကြတယ်လေ။ ချိုကုပ်ဒူးကြီးက ကျုပ်ကြောင့် ဖြစ်ရတာ ဆိုပြီး ကျုပ်ကို အမှုန့်ကြိတ်ဖို့ မြေလှန်ရှာမယ် ပြောတယ်။

ရုက္ခစိုး။ ။ စိုးရိမ်စရာ မရှိလောက်ပါဘူး။ စိတ်မပူပါနဲ့။

အက်ဆန်း။ ။ မလုပ်နဲ့ မလုပ်နဲ့ … တကမ္ဘာလုံးမှာ ကျုပ်ကြောက်တာဆိုလို့ သူတယောက်တည်း ရှိတာ။ ကျုပ်ရဲ့ ကလုန်းကို အပြင်ထုတ်ပြီး ကျုပ်ကိုယ်တိုင်ပဲ ထောင်ထဲ သွားဝင်နေလိုက်တော့မယ်။ လစ်ပြီဗျို့။

ပြောပြောဆိုဆို ထွက်ပြေးပျောက်ကွယ်သွားသော အက်ဆန်းကို သူတို့ ၃ ဦးစလုံး မတားလိုက်နိုင်ကြပေ။

နောက်တနေ့ နိုင်ငံတကာ သတင်းစာများတွင် … “ဝီကီလိခ် ထူထောင်သူ အစစ်ကို ဖမ်းမိခဲ့သည်ဟု ထင်သော်လည်း ထိုသူမှာ ပုံတူမျိုးပွားထားသူသာ ဖြစ်ကြောင်း၊ ၂ ရက်ခန့်အကြာမှ အစစ် ကိုယ်တိုင် လန်ဒန်ရဲစခန်းတွင် လာရောက် အဖမ်းခံသဖြင့် အတုကို လွှတ်ပေးလိုက်ရကြောင်း၊ ၎င်းကို လူအတုလုပ်မှုတမှု ထပ်တိုး စွဲချက် တင်ထားကြောင်း” စာလုံးမည်းကြီးများဖြင့် ဖော်ပြထားသည်ကို တွေ့ကြရလေတော့သည်။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

ရန်ကုန်သားတာတေ

ရှမ်းနှစ်သစ်ကူးပွဲတော်

ရှမ်းလူမျိုးတို့ နှစ်စဉ်ကျင်းပသည့် ပွဲတော်တခုဖြစ်သော ရှမ်းနှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌လည်း ကျင်းပကြသည်။ ယင်းပွဲတော်ကို ဒီဇင်ဘာလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ဝပ်ကူတောက် ကျောင်းတိုက် တွင် ကျင်းပခြင်း ဖြစ်ပြီး၊ ချင်းမိုင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကာ ထိုင်းနိုင်ငံရောက် ရှမ်း လူမျိုးများက ကျင်းပကြခြင်း ဖြစ်သည်။

ရှမ်းခုနှစ်သက္ကရာဇ်များအရ နတ်တော်လဆန်း ၁ ရက်နေ့ကို နှစ်သစ်အဖြစ် သတ်မှတ်ကြပြီး ယခုနှစ်သည် ရှမ်း လူမျိုးများ၏ ၂၁၀၅ ခုနှစ်ကို ဝင်ရောက်သောနှစ်ဖြစ်သည်။

၂၁၀၅ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဖွင့်လှစ်ပေးကြမည့် ရှမ်းလူငယ်မောင်မယ်များ

ရှမ်းရိုးရာ တိုးနယားအကဖြင့် ဖျော်ဖြေစဉ်

ရှမ်းပျိုဖြူများက ရိုးရာ ဓားသိုင်းအကဖြင့် ဖျော်ဖြေစဉ်

နှစ်သစ်ကူးပွဲတော်ကို ရောက်လာကြသည့် ချင်းမိုင်မြို့မှ ရှမ်းလူမျိုးများ

နှစ်ကူးသံပြိုင်သီချင်း သီဆိုနေကြစဉ်

ရှမ်း သီချင်းကြီးတပုဒ်ကို ဟွန်းတယောဖြင့် တွဲဖက် သီဆိုစဉ်

ပြည်ပရောက် ရှမ်းလူမျိုးများက နှစ်သစ်ကူးပွဲတော်ကို လွတ်လပ်စွာကျင်းပခွင့် ရသော်လည်း ရှမ်းပြည်မှ မြို့နယ် တချို့တွင် ကျင်းပခွင့်မရကြောင်း သိရှိရသည်။

ဆက်ဒမ်ဟူစိန်ကို အကြောင်းပြုပြီး အလကားရသော သင်ခန်းစာများ

ဦးအလံမလှဲ

ဦးလေးကြီးက စကားစသည်။

“ဒီမှာ.. ကိုတူမောင်။ အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်ကို ကြားဖူးတယ်နော်။ သူ့ကို အကြောင်းပြုပြီး ရနိုင်တာတွေရှိတယ်။ တန်ဖိုးကြီးလွန်းလှတဲ့ သင်ခန်းစာတွေ..။ ယူတတ်ရင် အများကြီး အလကားရနိုင်တယ်”

ဘာသင်ခန်းစာတွေလဲ၊ ဘယ်လို ယူတတ်ရမှာလဲ။ ကိုတူမောင် စိတ်ဝင်စားသွားသည်။ သို့ဖြင့် ကိုတူမောင့်ပါးစပ်ထဲက စကားတခွန်း ဗြုန်းဆိုထွက်သွားတော့သည်။

“ဗျာ..”

“အဖြစ်က..ဒီလို.. ကိုတူမောင်။”

ဤသို့စကားခံပြီး ဦးလေးကြီးက ရှင်းပြသည်မှာ ဆက်ဒမ်ဟူစိန်သည် အီရန်နှင့်စစ်ဖြစ်သည်။ အီရန် မရှုမလှ ရှုံးသွားသည်။ဆက်ဒမ်ကို တကမ္ဘာလုံးက မျက်လုံးပြူးပြီး ကြည့်ကြရတော့သည်။ ဆက်ဒမ်ကြီး ဘဝင်လေဟပ်သွားလေပြီ။အစ္စရေးကို မမှုချင်တော့။ အမေရိကန်ကို အန်တုချင်လာသည်။ ထို့ကြောင့် နျူးကလီးယားဗုံးကို ပိုင်ချင်သည်။ ပိုင်ချင်၍ အားထုတ်သည်။ဒါကြောင့်အမေရိကန်၊ အစ္စရေးနှင့် အပေါင်းပါများ အကြပ်ရိုက်ကုန်ပြီ။ တခါတခါ နှလုံးတုန် ရင်ခုန်ရသည်။တခါတခါကျပြန်တော့ ရင်ပူရသည်။ နေမထိထိုင်မသာ ဆွေ့ဆွေ့ခုန်ကြရပြီ။ အဲဒီလိုနဲ့ တဆင့်ပြီးတဆင့် တက်..တက်..
လာလိုက်တာ၊ အဲ..မျက်ဖြူဆိုက်ရတဲ့ အဆင့်အထိ ရောက်ကုန်ကြရရော။

“အဲ..ကိုတူမောင်ရေ့၊ ဆက်ဒမ်ကြီးကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပဲ။ ရန်သူအားလုံးကို တဟား..ဟား၊ဟားတိုက်ချင်စိတ် ပေါ်လာတယ်။ သူဆီမှာ နျူးကလီးယားရှိသလိုလို၊ မရှိသလိုလို၊ ဟိုလိုလို..ဒီလိုလို၊ဝေ့လည်ကြောင်ပတ် လုပ်တယ်။ ခပ်တည်တည်ပဲ။ နောက်ဆုံးတော့ နိုင်ငံတကာ အနုမြူထိန်းသိမ်းရေး ဆရာကြီးတွေ ဝင်ပြီးစစ်ဆေးရမယ့်အဆင့်ကို ရောက်သွားပါလေရော”

ဦးလေးကြီးက စကားကိုဖြတ်ပြီး ခဏကလေးနားသည်။ အမောကလေးဖြေပြီး စကားကိုဆက်၏။

“ဆက်ဒမ်ကြီးက အစစ်ဆေးမခံနိုင်ဘူးတဲ့။ ဟာ.. မျက်ဖြူဆိုက်တွေ ပိုပြီးမျက်ဖြူဆိုက်ကုန်ရော။ သံတွေ၊ တမန်တွေ ခေါင်းချင်းရိုက်ကုန်ပြီ။ ဒီအဖြစ်တွေကို ပြောပြရရင် ဆုံးမှာမဟုတ်လို့ လိုရင်းကိုပဲ ပြောမယ်။ ဆက်ဒမ်ကြီးက ပါးလှည့်..နားလှည့်.. ဝေ့ဝိုက်..ကစားလို့.. ဝတော့မှ ခွင့်ပြုလိုက်တယ်။ မယုံရင်လာကြည့်တဲ့”

“လုံုံခြုံတဲ့နေရာကို ရွှေ့ထားပြီးမှ ခွင့်ပြုတာဖြစ်မှာပေါ့”


“မှတ်ချက်မစောနဲ့ဦး.. ကိုတူမောင်။ ဆက်ဒမ်က ဥာဏ်နီဥာဏ်နက် အင်မတန်များတာ။ အဲ.. အနုမြူဆရားကြီးတွေ ရောက်လာ။ ဟိုမှာရှာ၊ ဒီမှာရှာ။ ဘာကိုမှရှာမရ။ မအီမလည်နဲ့ ပြန်ကြရ။ ဒီတော့ မောင်ဆက်ဒမ်က.. တမျိုးတဖုံ ချိုထောင်လာပြန်တယ်။ ထွေတလီထွေတလာ၊ မူယာမာယာတွေသုံးပြီး အစ္စရေး၊ အမေရိကန်နဲ့ အပေါင်းပါတွေကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်တယ်။ သူ့ဆီမှာ နျူးကလီးယားဆိုင်ရာတွေ အမှန်တကယ် ရှိကိုရှိရမယ်လို့ တထစ်ချ ထင်မှတ်လာကြပြန်ရော။ အဲ.. နျူးကလီးယားဆရာကြီးတွေ နောက်တကျော့ဝင်လာပြီး ရှာရဖွေရပြန်ပြီ။ ဒီတခါလည်း
ရှာမရပြန်ဘူး။ အဲ..ခက်ကုန်ပြီ”

ဦးလေးကြီးသည်ပင် ငြီးငြူရလေပြီ။ ကိုတူမောင့်အဖို့မူ ပဟေဠိဖြစ်၍နေလေသည်။

“ခက်ကုန်ပြီ.. ကိုတူမောင်။ ဆက်ဒမ်ကလည်း မလျှော့ဘူး။ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာက
အလွန်အကျွံ ဖြစ်သွားပြီလေ။ ခုမှလျှော့ရင် ငပေါဖြစ်တော့မယ်။ ဆက်ဒမ်က မလျှော့လေ ယူအက်စ်တို့၊ အစ္စရေးတို့၊အိပ်မပျော်စားမဝင်ဖြစ်လေ။ ယူအက်စ်အဖို့ ဆက်ဒမ်ကို ဦးမချိုးနိုင်ရင် ကမ္ဘာ့ငပေါကြီး ဖြစ်ရတော့မယ်။ ကမ္ဘာ့လူက.. မလေး၊ကမ္ဘာ့ခွေးက.. မခန့်။ အဲဒီကိန်းဆိုက်ရော့မယ်။ ကဲ..တတ်နိုင်ဘူး။ ယူအက်စ်ကြီးက စစ်ဆင်ရေးကိုပြင်ပြီ။အဲ.. မောင်ဆက်ဒမ်ကြီး ဘာလုပ်မည်နည်း”

ဦးလေးကြီး၏ စကားအဆုံးတွင် မေးခွန်းကလေးတခုက ချိတ်လျက်သားပါသွားသည်။ ထိုမေးခွန်းလေးအတွက် အဖြေရဖို့ ကိုတူမောင် စဉ်းစားကြည့်သည်။ ခက်သည်က.. ကိုတူမောင်..ခမျာ ဗဟုသုတအရာ အားနည်းလေတော့ တုန့်ပြန်ဆွေးနွေး အဖြေရှာရခက်နေသည်။

“ကိုတူမောင်၊ ဘာတွေ.. တွေးနေတာလဲ.. ဟဲ..ဟဲ..”

ဦးလေးကြီး၏အမေးက ကိုတူမောင်၏အတွေးကို ကွက်တိဖမ်းမိသွားလေပြီ။ ကိုတူမောင်ခမျာ.. ရှိုးတိုး.ရှန့်တန့်..ဖြစ်ကာ ဘာဖြေရမယ်မသိ ဖြစ်သွားပြီး ဦးလေးကြီးအား ပြောလေသည်။

“ရှေ့ဆက်ဦးလေ..ဦးလေးကြီး”

“ဆက်ဒမ်ကြီး သူရှူး..သူပတ်.. ဖြစ်သွားပြီ။ အပေါက်ကျွံသွားတဲ့ ခြေထောက်ကို ပြန်နှုတ်လို့ရတယ်။
ကျွံသွားတဲ့စကားကိုတော့ ပြန်နှုတ်လို့မရဘူး။ ဆက်ဒမ်ကြီးက စကားအကျွံကြီးကျွံသွားပြီ။ ဒီတော့
ရှေ့တိုး..ထမ်းပိုး၊ နောက်ဆုတ်..လှည်းတုတ်။ အကျပ်တွေ့ပြီ။ ယူအက်စ်တို့၊ အစ္စရေးတို့ကို ကြိမ်းမောင်း၊ ဟိန်းဟောက်၊ခြိမ်းခြောက်ခဲ့တာတွေက တကမ္ဘာလုံး မကြားချင်အဆုံး။ ဒီတော့ ဆက်ဒမ်ကြီး မထူးဇာတ်ခင်းရတော့မယ်။ဟော.. ယူအက်စ်ကစစ်ချီလာပြီ။ ဗုံးတွေ၊ ကျည်တွေကို မိုးရွာချပြီ။ ဟင်း.. အင်အားချင်းမမျှတော့ ဆက်ဒမ်ရဲ့အီရတ်စစ်တပ်.. ဖွတ်ဖွတ်ညက်ညက် ကျေသွားပါလေရော။ ဒါတောင် သူ့နိုင်ငံခြားရေးဝန်ကြီး တာရစ်အဇစ်ကတော့ နည်းနည်းကလေးမျှ လေမလျှော့ဘူး။ အီရတ်ကတွယ်လိုက်လို့ ယူအက်စ်ခွက်ခွက်လန်ခံနေရပြီ..တဲ့။ အဲဒီလို ကမ္ဘာကို ဆက်တိုက်သတင်း
လွှင့်နေတယ်။ အောက်ကသာ နေရတယ်၊ ဟဲ..ဟဲ.. ဟာယီးကတော့ တချက်ကလေးမျှ မလျှော့ဘူး... ဟဲ..ဟဲ။ယူအက်စ် စစ်တပ်လက်ထဲ အဖမ်းခံရတော့မှပဲ ပါးစပ်ပိတ်တော့တယ်..ဟဲ..ဟဲ”

ဦးလေးကြီးက ထုံးစံအတိုင်း ခဏနားပြီးတော့ နောက်တကျော့ စကားဆက်ပြန်သည်။

“ဟဲ..ဟဲ.. ကိုတူမောင်။ သေနတ်ကိုခါးမှာထိုး၊ လက်နှစ်ဘက်ကို မာန်ပါပါတအားလွှဲ၊ ကျားကျားလျားလျား လမ်းလျှောက်ပြ၊ကိုယ်လုံးကိုယ်ထည်က ဧရာမ..ဟဲ.ဟဲ.. အဲဒါ..ဆက်ဒမ်ရဲ့.. ပုံရိပ်ဆိုလား၊ ရုပ်ပုံလွှာဆိုလား..ဟဲ..ဟဲ.. အဲဒါကို..ဟိုတုန်းက တီဗီထဲမှာ မြင်ခဲ့ရတာ..ဟဲ..ဟဲ..”

ဦးလေးကြီးက တဟဲ..ဟဲ..ဟဲပြီး အာဏာရှင်ကြီး၏ ဘဝနိဂုံးပိုင်းကို ဆက်လေသည်။ ဦးလေးကြီး၏ အပြောအရ စစ်အရှုံးမှာ ဆက်ဒမ်ကြီးပျောက်နေသည်။ ဗုံးမှန်လို့သေသွားပြီလား၊ မသေသေးပဲ ပုန်းအောင်းနေသည်လား။ သေသေ..မသေသေ။သည်ကောင်ကြီးကိုတော့ ပိုက်စိတ်တိုက်၍ ရှာကိုရှာရမည်။ ဒါသည်စစ်၏ အလုပ်သဘောဖြစ်သည်။

ဦးလေးကြီးက တမျိုးတဘာသာဆက်၍ ပြောပြန်သည်မှာ ဆက်ဒမ်ကြီး စစ်ရှုံးပြီး ထွက်ပြေးရသည်။ မြို့တော်ဘဂ္ဂဒက်က ဧရာမဆက်ဒမ်ရုပ်ထုကြီး ဖြိုလှဲခံရသည်။ ရုပ်ထုကြီးကို ဖိနပ်ဖြင့်ရိုက်သူတွေက ရိုက်ကြသည်။ ကလေးတွေကတော့..ကန်တော့.. ကန်တော့.. ရွှေပန်းကလေးတွေငေါ့ပြီး ရှူရှူပန်းကြသည်။တချိန်ကအဖိနှပ်ခံ.. အညှင်းဆဲခံ အီရတ်နိုင်ငံသားအများကြီး လမ်းမပေါ်ပြေးထွက်လာကြသည်။ ပျော်လွန်းလို့ကကြ၊ ခုန်ကြသည်။အကြောက်တရားမှ လွတ်ပြီဟု တွေးမျှော်ခဲ့ကြသည်။

ဟော..တနေ့လည်းကျရော စစ်မြေပြင်တနေရာမှာ သတ္တဝါ….တကောင်လား၊ တယောက်လား၊ မသဲမကွဲလှ။မြေကြီးထဲမှ ဘွားကနဲထွက်လာပါပြီ။ တွင်းအောင်းပြီး နေထိုင်လေ့ရှိသော ဝံပုလွေလား။ ဆက်ဒမ်ဟူစိန်လား..ဟဲ..ဟဲ။ ရုတ်ချည်းပင် ခတ်လှမ်းလှမ်းမှနေ၍ တုန်တုန်ယင်ယင်အော်ဟစ်သံက ဆက်တိုက်ထွက်လာသည်။ နီဂိုရှိတ်... နီဂိုရှိတ် .... နီဂိုရှိတ် … နီဂိုရှိတ် … တဲ့။

“အောင်မလေးလေး.. ကိုတူမောင်။ လက်စသတ်တော့ ငနဲကြီး မောင်ဆက်ဒမ်ဟူစိန် ဖြစ်နေလေရဲ့.. ဟဲ..ဟဲ။ ပျာပျာသလဲ ကမ်းလှမ်းလာတာ..ဟဲ..ဟဲ။ စေ့စပ်စကား ပြောပါ့မယ်တဲ.့.ဟဲ..ဟဲ။အဲဒီလိုခံရတဲ့ အလှည့်ရောက်လာတော့ အချိုးကပြောင်းလာတယ်။ တောမီးလောင်လို့၊ ဘယ်ယက်ညာယက်၊ ပြေးကာထွက်လာတဲ့ လိပ်များလိုပဲ။ မျက်စိကလေး ပေကလပ်..ပေကလပ်နဲ့..ဟဲ..ဟဲ။ အောက်ကျို့လွန်းတဲ့ မျက်နှာသေလေးနဲ့..ဟဲ..ဟဲ”

ဦးလေးကြီးက..ပြောလိုက်၊ ရယ်လိုက်။ ရယ်လိုက်၊ ပြောလိုက်.. လုပ်နေသည်။ ကိုတူမောင်ကတော့ ရယ်ရတော့မလို မရယ်ဘဲနေရမလို ဂွကျနေလေပြီ။

“ကိုင်း..ကိုတူမောင်၊ အာဏာရှင်တို့မည်သည် ဘဝနိဂုံး၊ အဆိုးဆုံး..တဲ့။ အာဏာရှင်တို့ရဲ့ သဘောသဘာဝက ဘာလဲ။အဲ.. ဦးလေးကြီးတော့မောပြီ။ နားဦးမယ်..ကိုတူမောင်”

ကိုတူမောင်က အာဏာရှင်တို့၏ သဘောသဘာဝကို ခဏတာ မျက်စိစုံမှိတ် စဉ်းစားကြည့်သည်။ မိမိ၏အမြင် အယူအဆကို အားမရလှ။ ဦးလေးကြီးပြောမှ စုံလင်ထိမိမည်။ ဦးလေးကြီး ပြောတာကိုပဲ နားထောင်ချင်သည်။ သို့သော် ဦးလေးကြီးက ချက်ချင်းစကားမပြောနိုင်သေး။ အမောပြေအောင် နားပြီးတော့မှ အားရပါးရ.. တစ်တစ်ခွခွ.. ပြောလေသည်။

“ဒီမှာ.. ကိုတူမောင်။ ဆက်ဒမ်လို အာဏာရှင်တို့ရဲ့ သဘောသဘာဝက ဟောဒီလို”

ဤသို့ခြေဆင်းကလေး ခင်းပြီး ဦးလေးကြီးက တဖြတ်ပြီးတဖြတ်၊ ဖြတ်..ဖြတ်ပြီး ဒိုး..ဒေါက်..ဂိုး..ဂွပ် ဖွင့်ဟလေတော့သည်။

“အာဏာရှင်ဟူသမျှဟာ အာဏာရှင်ဘဝကို သူတို့ရဲ့ဘော်ဒီ၊ သူတို့ရဲ့ကိုယ်ကာယ၊ ဆိုလိုတာက.. သူတို့ရဲ့လက်နက်။ အဲဒါနဲ့ တည်ဆောက်ထားတာ။ သူတို့ရဲ့ ဘဝပေးအရ လက်နက်နဲ့ ဖြေရှင်းတယ်။ တနည်းဆိုရရင်.. လက်နက်နဲ့ စကားပြောတယ်။အဲဒါ ဘော်ဒီလဲင်းဂွေ့ခ်ျကို အသုံးချတာ”

ဦးလေးကြီးက နောက်တဖြတ်ကို ဆက်သည်။

“အာဏာရှင်ဟူသမျှဟာ နှလုံးသားနဲ့ဦးနှောက်ဆီက ယိုစီးလာတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဆိုတာကို နားမလည်ဘူး။နားမလည်တော့ အသုံးမချတတ်ဘူး။ အဲဒါဟာ ဗာဘယ်လ်လဲင်းဂွေ့ခ်ျကို နားမလည်တာ၊ အသုံးမချတာ။”

ဦးလေးကြီးက ပြောခဲ့သောစကားများကို လိုရင်းတိုရှင်း ချုံ့ပစ်လိုက်သည်။

“ဒီတော့..အာဏာရှင်ဟူသမျှဟာ အယဉ်စိတ်.. လူစိတ်မရှိဘူး။ အရိုင်းစိတ်.. တိရစ္ဆာန်စိတ်ပဲရှိတယ်။”

ဦးလေးကြီးက တစ်တစ်ခွခွ ထိထိမိမိ အားထည့်ပြီး ပြောပြနေရသဖြင့် နည်းနည်းတော့မောသည်။ ထုံးစံအတိုင်းပင် နည်းနည်းမောတော့ နည်းနည်းနားသည်။ ပြီး.. ဆက်၍ပြောသည်။

“ဒီ..အာဏာရှင်တွေဟာ ပြဿနာကို.. အယဉ်စိတ်.. လူစိတ်နဲ့ မချဉ်းကပ်ဘူး။ စေ့စပ်ညှိနှိုင်း အဖြေရှာရေးစကား၊နိုင်ငံရေးစကား ဘာကိုမျှ ပြောလို့မရဘူး။”

ဦးကြီးကစကားကို..တဖြတ်၊ ဖြတ်လိုက်သည်။

“အာဏာရှင်တွေဟာ အပေါ်စည်းဘဝရောက်နေရင် ဘာကိုမဆို အရိုင်းစိတ်၊ တိရစ္ဆာန်စိတ်နဲ့ စဉ်းစားတယ်။ နိုင်သူက စားစတမ်း.. ဂျမ်းဂဲလောအတိုင်း ခပ်ရိုင်းရိုင်းရှင်းတယ်။ တိရစ္ဆာန်ပါးဝတယ်။ အားနည်းသူကို အပေါ်စီးနဲ့ ဗိုလ်ကျတယ်၊အနိုင်ကျင့်တယ်။ မတော်မတရား အခွင့်ထူး ယူရမလား၊ ယူတယ်။ ခိုးရမလား၊ ခိုးတယ်။ ရိုက်ရမလား၊ ရိုက်တယ်။သတ်ရမလား၊ သတ်တယ်။ ဘုန်းကြီးသံဃာကိုတောင် မရှောင်ဘူး။ ရိုက်တယ်၊ သတ်တယ်။ ကမ်းကုန်ပြီ။
တောင်းပန်လို့မရ၊ အသနားခံလို့မရ၊ ရှိခိုးလို့မရ။ လာလာသမျှကို မလွတ်စတမ်းစားတယ်၊ ဝါးတယ်၊ မျိုချတယ်။
ဒါကြောင့် အာဏာရှင်ဟာ လူသားကိုပါစားတဲ့..ကျား”

ဦးလေးကြီးသည် အားနှင့်အင်နှင့် ပြောသဖြင့် အတော်ကလေး မောသွားသည်ကြောင့် အတော်ကလေး
ကြာကြာနားပြီးမှ ပြောလက်စကို ဆက်ပြောသည်။

“အာဏာရှင်ဟူသမျှဟာ ကိုယ့်ထက်အားကြီးသူနဲ့တွေ့ပြီ၊ ရှုံးလို့ အောက်စည်းရောက်သွားပြီ၊
ဟင်း.. အကြောက်ကြီးကြောက်ပြီ၊ မျက်ကလဲဆန်ပျာ ဖြစ်ပြီ၊ ဒူးထောက်ပြီ၊ မာန်မာနတွေလွင့်ကုန်ပြီ၊ နိုင်သူ၏ ခြေထောက်ကို နှာဖူးနဲ့တိုက်ပြီ၊ အသနားခံပြီ၊ တောင်းပန်ပြီ၊ ရှိခိုးပြီ၊ ဒီအဖြစ်ကို သရုပ်ပေါ်အောင်ဖေါ်တဲ့.. စကားတစ်ခုရှိတယ်။ ရာဇဝင်မှာ စံတင်ရမယ့် မှတ်သားစရာစကား..။ ပြောသူက.. ဗကပပြေး၊ စစ်ထောက်လှမ်းရေး လက်ကိုင်တုတ်.. ရဲဘော်ဘခက်။သူ့စကားက.. ဟဲ..ဟဲ.. တောထဲက ထွက်ပြေးလာတုန်းက..တဲ့၊ ဗကပရန်က လွတ်မယ်ဆိုရင်..တဲ့၊ ဟဲ..ဟဲ.. ချီးပဲစားရစားရ၊
သေးပဲသောက်ရသောက်ရတဲ့.. ဟဲ..ဟဲ။ အလားတူပါပဲ။ အာဏာရှင်တွေ အာဏာမဲ့သွားပြီဆိုရင်လား။အား.. သူတို့ဟာ.. တုန်လှုပ်ချောက်ချားလွန်းလို့ နှလုံးကွဲပြီး သေတော့မယ့်..ယုန်သူငယ်..ဟဲ..ဟဲ..”

ဦးလေးကြီးတယောက် တအားကို အားခဲကာ ရှင်းလင်းပြောဆိုပြီးဖြစ်သဖြင့် အတော်ကြီး ခေါင်းပေါ့သွားပြီ။ ထို့ကြောင့် အကန့်တကန့်ကို ဤသို့ပိတ်လိုက်သည်။

“ဒါဟာ.. အာဏာရှင် ဆက်ဒမ်ဟူစိန်ကြီးကို အကြောင်းပြုပြီး အဲ.. အဖိုးအခမပေးဘဲ အလကားယူလို့ရတဲ့ အာဏာရှင်တို့ရဲ့ သဘောသဘာဝ သင်ခန်းစာ”

ဦးလေးကြီးကပြောလျှင် အားရပါးရပြောသည်။ ထို့ကြောင့်.. အားရပါးရမောသည်။ မော၍နားသည်။ အမောပြေတော့ နောက်စကားဝိုင်းအတွက် ကိုတူမောင်အား မိတ်ဆက်ပေးခဲ့သည်မှာ ဤသို့တည်း။

“ဒီမှာ.. ကိုတူမောင်။ အာဏာရှင်ကို ရှင်းပစ်ချင်သလား။ ရှင်းရမယ့်အာဏာရှင် အမျိုးအစားက … ဖီလစ်ပိုင်မားကို့စ်လို အမျိုးအစားလား၊ အီရတ်ဆက်ဒမ်လို အမျိုးအစားလား၊ အဲ.. သိုဟန်ဘွားလက်သစ် ဗိုလ်သန်းရွှေက ဘယ်လိုအမျိုးအစားလဲ။
ဘယ်လိုရှင်းမလဲ ” တဲ့..ဟဲ..ဟဲ..။

ဒေါ်အောင်ဆန်းစုကြည် သံဃာများကို သင်္ကန်းကပ်လှူ

ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ယနေ့နံနက် ၈ နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်မှ သံဃာတော် ၇၅၈ ပါးကို သင်္ကန်းတစုံစီနှင့် သီလရှင် ၁၁၉ ပါးကို တဘက်တထည်စီ ဆက်ကပ် လှူဒါန်းသည်။
(Video Footage: Irrawaddy)

video


video


video

ကရုဏာရှင်သို့

ဒီဇင်ဘာ ၆ ရက်နေ့က ကျရောက်တဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မွေးနေ့အတွက် C.J.Z က ဂုဏ်ပြုစပ်ဆို ထားတာဖြစ်ပါတယ်။ facebook က ရယူပါတယ်။- video

သံဃာတော်များကို NLD သင်္ကန်းကပ်







သံဃာတော်များနှင့် သီလရှင်များကို လှူဖွယ်ပစ္စည်းများ ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းနေစဉ် (ဓါတ်ပုံ-ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ ယနေ့ နံနက် ၈ နာရီခန့်က သံဃာတော်များကို သင်္ကန်းတစုံစီ ကပ်လှူခဲ့ကြောင်း သိရပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဝင်များက အပတ်စဉ်အင်္ဂါနေ့တိုင်း ပါတီရုံးချုပ်ရှေ့တွင် ဆွမ်းခံကြွခဲ့ကြတဲ့ သံဃာတော် ၇၈၅ ပါးကို သင်္ကန်းတစုံစီ ကပ်လှူခဲ့ကြပြီး သီလရှင် ၁၁၉ ပါးကိုလည်း တဘက်တထည်စီ လှူဒါန်းခဲ့ကြောင်း ပါတီဝင် တဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရှိကြောင်း အိန္ဒိယရှိ မြန်မာ့အရေးစိတ်ဝင်စားသူများ ဆို

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုတဲ့အထိမ်းအမှတ်ပွဲတခုကို အိန္ဒိယအခြေစိုက် အမျိုးသမီးဘ၀ လုံခြုံရေး၊ ပဋိပက္ခဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့ (WISCOMP) နဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ပူးပေါင်းပြီးတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Press Club မှာ ဒီနေ့ညနေခင်းက ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် နယူးဒေလီမှာရှိနေတုန်းက ပညာသင်ခဲ့တဲ့ Lady Shri Ram အမျိုးသမီးကောလိပ်ရဲ့ ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမ၊ ကျောင်းသူတွေ၊ နယူးဒေလီအခြေစိုက် နိုင်ငံခြားသံရုံးတွေက သံရုံးဝန်ထမ်းတွေ၊ မြန်မာ့အရေး စိတ်ဝင်စားသူ အိန္ဒိယ အထက်လွှတ်တော်အမတ်တွေ၊ တိဘက်အဝေးရောက် အစိုးရ ပါလီမန်အဖွဲ့ဝင် ဘုန်းတော်ကြီး အချားရီးယား၊ အိန္ဒိယ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေနဲ့ နယူးဒေလီရောက် မြန်မာ့အရေးလှုပ်ရှားသူ ၁၅၀ ကျော်တို့ တက်ရောက်ခဲ့ပါတယ်။


ဒီအခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးပို့လိုက်တဲ့ ရုပ်သံ ကျေးဇူးတင် နှုတ်ခွန်းဆက် စကားမှာတော့ မြန်မာ့အရေးအတွက် အားပေးထောက်ပံ့ကူညီနေတဲ့ အိန္ဒိယ နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်း၊ အိန္ဒိယတွင်ခိုလှုံနေသော မြန်မာဒုက္ခသည်များကို လက်ခံထားရှိပေးသော အိန္ဒိယ အစိုးရကို ကျေးဇူးတင်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ပိုမိုဆက်လက်အားပေးကူညီရန် မေတ္တာရပ်ခံကြောင်း ပြောကြားထားတာကို တွေ့ရပါတယ်။

Lady Shri Ram အမျိုးသမီးကောလိပ်ရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မီနာခ်ရှီ ဂိုပီနာထ် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ စေတနာ၊ အနစ်နာခံစိတ်၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေးအတွက် စွန့်လွှတ်အနစ်နာခံ လှုပ်ရှားနေမှုတွေဟာ အိန္ဒိယ အမျိုးသမီးတွေအတွက် ဂုဏ်ယူအားတက်ဖွယ်ရာ ဖြစ်တယ်၊ ကောလိပ်ရဲ့ ကျောင်းသူဟောင်းတယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အတွက် ၀မ်းသာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ အမြဲရှိနေပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံ အားပေးနေကြောင်း ပြောဆိုသွားပါတယ်။
မြန်မာ့အရေးစိတ်ဝင်စားသူ အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ ရမ်ဂျစ်မလာနီ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာဟာ စစ်အာဏာရှင်စနစ်ပျောက်ကွယ်ဖို့ ခြေလှမ်းအစ မဟုတ်သေးဘူး၊ စစ်အာဏာရှင်စနစ်ပျောက်ဖို့ဆိုတာ ဒီမိုကရေစီ အင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယလို အိမ်နီးချင်း နိုင်ငံတွေက ၀ိုင်းဝန်းဖိအားပေးဖို့လိုတယ် လို့ ဆိုပါတယ်။
လက်ထောက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း Shashi Tharor ကတော့ အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာ နေထိုင်လိုတာကြောင့် အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရတာမျိုးတွေ ရှိနေပေမယ့် စိတ်ရင်းထဲမှာကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် လှိုက်လှိုက်လှဲလှဲ ရှိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကိုလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်လို့ ပြောဆိုသွားပါတယ်။

ခရစ်ယာန်ဘုန်းတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ၊ မြန်မာနိုင်ငံသားများအတွက် ဆုမွန်ကောင်းများ တောင်းဆုချွေပေးခဲ့သည်။

အိန္ဒိယရောက် တိုင်းရင်းသူလေးများက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသီချင်းများ သီဆိုခဲ့သည်။

WISCOMP အဖွဲ့ဝင်များ

-

Tuesday, December 7, 2010

ဝီကီလိ (ခ်) - ဦးသန်းရွှေ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ဖို့ စဉ်းစားခဲ့


နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ပြန်လည် ထူထောင်ရေးတွေ နှေးကွေးလွန်းလို့ ကုလသမဂ္ဂက စိတ်မရှည် ဖြစ်နေချိန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့မြေး ဖိုးလပြည့်က ပူဆာတဲ့အတွက် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ ၁ ဘီလီယံ အသုံးပြုပြီး ဝယ်ယူဖို့ စဉ်းစားခဲ့သေးတယ်လို့ ဝီကီလိ (ခ်) ကနေ သတင်းပေါက်ကြားလာပါတယ်။

ရန်ကုန်ရှိ အမေရိကန် သံရုံးကနေ ဝါရှင်တန်ကို ၂၀၀၉ ဇွန်လမှာ ပေးပို့တဲ့ အကြောင်းကြားစာမှာ “အထဲနဲ့ အဆက်အသွယ် ကောင်းကောင်းရှိသူတယောက်က သတင်းပို့လာတာကတော့ သူ့မြေးက ဦးသန်းရွှေကို မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ဖို့ ဒေါ်လာ ၁ ဘီလီယံ ပေးစေချင်နေပါတယ်” တဲ့။ “ဒါပေမယ့် ဦးသန်းရွှေက ဒီလို ပေးဝယ်လိုက်တာဟာ အရုပ်နည်းနည်းဆိုးတာကြောင့် မြန်မာပြည်မှာပဲ ကိုယ့် မြန်မာလိဂ်ကို လုပ်ဖို့ ရွေးလိုက်တယ်” တဲ့။

ဒါဟာ မြန်မာပြည်မှာ သောက်သောက်လဲ ချမ်းချမ်းသာနေတဲ့ စီးပွားရေးသမားကြီးတွေ ဘောလုံးအသင်းထောင်ကြပြီး မြန်မာနေရှယ်နယ်လိဂ် ပေါ်ပေါက်လာရခြင်း အကြောင်းရင်းပါပဲ။

မက်စ် ဇော်ဇော်ဟာ ဦးသန်းရွှေရဲ့ မြေး ဖိုးလပြည့်ကို သူပိုင်တဲ့ အသင်းမှာ ကစားဖို့ ငှားရမ်းခဲ့သေးတယ်လို့လည်း တခြား ကေဘယ်သတင်းတခုမှာ ပါလာပါတယ်။

ဝီကီလိ (ခ်) ဟာ အစိုးရတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ လျှို့ဝှက် ပေးစာ၊ အကြောင်းကြားစာနဲ့ စာရွက်စာတမ်းတွေကို ဖော်ထုတ်နေလို့ အခုတလော ကမ္ဘာ့သတင်းမှာ ထိပ်တန်းသတင်းနေရာက ယူနေတဲ့ ဝက်ဘ်ဆိုဒ် တခုဖြစ်ပါတယ်။

(ဝီကီလိ (ခ်) မှာ ပေါက်ကြားလာတဲ့ မြန်မာ နေရှင်နယ် လိဂ် နဲ့ ဘောလုံးအသင်းပိုင်ရှင် စီးပွားရေးသမား တချို့အကြောင်း။ ပထမစာဒုတိယစာ )

ခက်ထန်

ချင်းမိုင်က အနုပညာ ဈေးပွဲတော်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်စဉ် ကျင်းပတဲ့ ထိုင်း အနုပညာရှင်တွေရဲ့ အနုပညာလက်ရာတွေကို ပြသတဲ့ ပြပွဲတခုကို ဒီဇင်ဘာ ၅ ရက် နေ့ ကနေ ၁၁ ရက် နေ့ အထိ နီမာဟင်မင် လမ်းသွယ်(၁) မှာ ကျင်းပနေပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ဟာ လက်ရှိ ထိုင်းဘုရင် ကြီး ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်။ ထိုင်းဘုရင်ကြီး မွေးနေ့ အထိမ်းအမှတ် ကျင်းပတာလို့လည်း သိရပါတယ်။ အခု ဆိုရင် ဒီပွဲဈေး ကျင်းပခဲ့တာ ၁၁ ကြိမ်မြောက်ရှိပါပြီ။ ဒီအနုပညာ ပြပွဲကို ဈေးတန်း သဖွယ် ပြခန်းလေးတွေ ဖွင့်ပြီး ပြသကြတာပါ။ ဒီပွဲမှာ အဓိက ပြသကြ တာတွေကတော့ ကိုယ်တိုင် ဖန်တီးတဲ့ လက်မှုပစ္စည်း (Handmade) တွေကို ပြသတာပါ။ ပန်းချီကားတွေ အပါအ၀င် စက္ကူ ၊ သစ်သား ၊ ပလတ်စတစ်၊ အ၀တ်စ တွေနဲ့ ဖန်တီးထားတဲ့ အရုပ်ကလေးတွေ၊ ပန်းပုရုပ်တွေ၊ နောက်ပြီး ၀ါး တို့ ပန်းအစစ်တို့နဲ့ အလှဆင်ထားတာတွေ စတဲ့ စိတ်ဝင်စား စရာ အရောင် အသွေးစုံ အနုပညာ လက်ရာစုံကို တွေ့ရပါတယ်။

ပြီးတော့ အနုပညာ ဆန်ဆန် ပြင်ဆင် ခင်းကျင်းထားပြီး တေးဂီတ ဖျော်ဖြေရေးတွေ နဲ့ ၀န်ဆောင်မှုပေး ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေလည်း ရှိပါတယ်။ ပြပွဲလာသူတွေ အနေနဲ့ နားနားနေနေ အပန်းဖြေ စားသောက်ရင်းနဲ့ မိမိနှစ်သက်တဲ့ အနုပညာ လက်ရာတွေကို ကြည့်ရှု လေ့လာရင်း အပိုင်ဝယ်ယူ လို့လည်း ရပါတယ်။ ဒီပြပွဲက အမှတ်တရ ပုံတွေကို ကြည့်ရှု ခံစား နိုင်အောင် မျှဝေလိုက်ပါတယ်။ (ဓာတ်ပုံ - ကိုစိုး/ဧရာဝတီ)

အနုပညာဈေးပွဲတော်သို့ အ၀င်

မြန်မာ အနုပညာလက်ရာလို့ ထင်ရတဲ့ ဆိုင်းဝိုင်းတခု


ပန်းတွေ၊ ၀ါးခြမ်းတွေနဲ့ ပန်းကုံးလို ဖန်တီးထားတဲ့ ခဏတာ နားနေရာ

အဲဒီ ကဒေါင်း ရုပ်ကလေးကလည်း မြန်မာဒေါင်းနဲ့ ခပ်ဆင်ဆင်

FREE BURMA

-မြန်မာပြည်ကြီးကို လွတ်လပ်စေချင်လှတဲ့ စေတနာနဲ့ ရေးစပ်ထားတဲ့သီချင်းလေး ဖြစ်ပါတယ်။ Facebook က ရပါတယ်။
video

ကိုထိန်လင်း မြန်မာပြည်က ယနေ့ ပြန်လည်ထွက်ခွာ



















































photo:http://www.daylife.com


ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (Kim Aris) ဒီနေ့ မနက် ၉ နာရီ လောက်က မြန်မာနိုင်ငံမှ ပြန်ထွက်ခွာသွားပါပြီ။

နှုတ်ဆက်လိုက်ပို့တဲ့ မိခင်နဲ့ အတူ ပရိသတ်တွေကို လက်ပြနှုတ်ဆက်နေပုံကို ခုလိုတွေ့ရမှာဖြစ်ပါတယ်။

ကိုထိန်လင်းဟာ ဒုလ္လဘ ရဟန်းခံဖို့ နောက်တကြိမ်မြန်မာပြည်ကို ပြန်လာဦးမယ်လို့ သိရပါတယ်။ သူနဲ့ အတူ ရုပ်ရှင်တခုမှာ ဒေါ်အောင်ဆန်းစုကြည် နေရာကို သရုပ်ဆောင်နေတဲ့ မင်းသမီး မစ်ရှဲ ယိုး ဟာ လေယာဉ်တစီးတည်း အတူ တူပြန်သွားကြတာလို့ သိရပါတယ်။

မင်းသမီး မစ်ရှဲ ယိုးသည် မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွား တွေ့ဆုံကာ သူမသရုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဇာတ်ကောင်နေရာအတွက် တွေ့ဆုံစကားပြော မေးမြန်းတာတွေလုပ်ခဲ့ပြီး ၊ သရုပ်ဆောင်နေတဲ့ ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတချို့ကိုပြသခဲ့တယ်လို့ သိရပါတယ်။

သူမသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မကြားသေးခင်က ရိုက်ကူးထားတဲ့ “Divided Heart ” နာမည်ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဘ၀ တစိတ်တပိုင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နေရာ က သရုပ်ဆောင်ထားခဲ့သည်။

No comments:

Post a Comment