


ကြံ့ခိုင်ရေးပါတီ စစ်တပ်ကို ခုတုံးလုပ် မဲဆွယ်
ရွေးကောက်ပွဲနီးလာတဲ့အခုလို အချိန်မျိုးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ စစ်တပ်ထဲကိုလည်း ဝင်ရောက်ပြီး စည်းရုံးရေး ဆင်းလာနေပြီ လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ကိုပါ ပါတီအတွက် စည်းရုံးရေးလုပ်ငန်းတွေမှာ အသုံးချလာ နေပါတယ်။
USDP က အပြင်းအထန် လိုက်စည်းရုံးနေ
အောက်တိုဘာလ ၁၁ ရက်နေ့က ပဲခူးမြို့ ကျောက်တိုင်ကန် အခြေစိုက် တပ်မ ၇၇ လက်အောက်ခံ ခမရ (၈) တပ်ရင်းထဲကို ကြံ့ခိုင်ရေးပါတီကလူတွေက ကြိုတင်အကြောင်းမကြားပဲ ဝင်ရောက်လာပြီး စည်းရုံးရေးလုပ်ခဲ့ကြတယ်လို့ ခမရ (၈) က စစ်သားတစ်ဦးက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဝန်ကြီးချုပ် ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဆိုပြီး တပ်ထဲကို ဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
တပ်ရင်းထဲမှာ ရဲဘော် ရဲမေ နဲ့ မိသားစု အယောက် ၃၀ လောက်ကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်၊ ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့ပြောတယ်၊ သူတို့ပါတီအတွက် စစ်တပ်ထဲမှာရော အရပ်ထဲမှာပါ ပါဝင်ကူညီ မဲဆွယ်စည်းရုံးပေးဖို့ကိုလည်း တာဝန်ပေးတယ်၊ ဒီကိစ္စကို တပ်ရင်းမှူးအပါအဝင် ရဲဘော်တွေအားလုံးက မကျေမနပ် ဖြစ်ကြရတယ်လို့ အဲဒီ တပ်သားကပဲ ပြောပါတယ်။
တပ်မတော် ခေါင်းဆောင် တစ်ယောက် မဟုတ်တော့တဲ့ ဝန်ကြီးချုပ်က အခုလို တပ်မတော်သားတွေကို အမိန့်ပေး စေခိုင်းနေတာမျိုး ကိုလည်း မခံချင်ကြဖူးလို့ ဆိုပါတယ်။
တပ်ရင်းမှူးက သူ့ရဲ့ ခွင့်ပြုချက်မပါပဲ တပ်ရင်းထဲကို ဝင်လာပြီး အခုလို စည်းရုံးရေးလုပ်တဲ့ ဒီကိစ္စကို တပ်မဟာမှူးအထိ တင်ပြမယ်လို ့ပြောတဲ့အကြောင်းကိုလည်း အဲဒီတပ်သားက ပြောပါတယ်။
တကယ်တော့ ဝန်ထမ်းတွေဟာ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ ဆိုပေမယ့် ကြံ့ခိုင်ရေးပါတီဟာ အခုတော့ စစ်တပ်ကို အသုံးချပြီး မဲဆွယ်စည်းရုံးဖို့လုပ်နေတာ ထင်ရှားနေပါတယ်။
ဒီလို မဲဆွယ်စည်းရုံးမှုမျိုး တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၁၊ ၁၀၅ နဲ ့၁၀၆ တို့မှာလည်း ကြံ့ခိုင်ရေးပါတီက အခုလိုပဲ အတင်းဝင်ရောက် စည်းရုံးသွားခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment